ပွင့်ဖြူ ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ပြည်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်နှင့် သစ်တောသစ်ပင်များများကို တန်ဖိုးထားပြီး စနစ်တကျ ကာကွယ်ထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဇွန် ၂၅ ရက်နေ့က ပွင့်ဖြူမြို့နယ် ဆံဖြူခင်စံပြကျေးရွာသို့ သွားရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများကို ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပြီး အေဝမ်းမီးဖိုများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ရွှေက မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် နှစ်စဉ် သစ်တောစိုက်ခင်းများကို အကောင်အထည်ဖော်စိုက်ပျိုးခြင်း၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကျေးရွာနေပြည်သူများ၏ သစ်၊ တိုင်၊ မျော၊ ထင်း စသည့် သစ်တောထွက်ပစ္စည်းများကို ဖြည့်ဆည်းပေးနိုင်ရေး ကျေးရွာသုံးသစ်တောစိုက်ခင်းများကို တည်ထောင်စိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောသစ်ပင်များကို စည်းကမ်းမဲ့ခုတ်လှဲ၍ ထုတ်ယူသုံးစွဲခြင်းများကို ရှောင်ကြဉ်ကြစေလိုကြောင်း၊ သစ်တောသစ်ပင်များပြုန်းတီးမှုမဖြစ်အောင် ထင်းအစား အခြားလောင်စာများကို တိုးမြှင့်သုံးစွဲသွားကြစေလိုကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများနှင့် ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးဦးညွန့်ရွှေနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်နှင့် ထင်းလောင်စာသုံးစွဲမှုလျှော့ချနိုင်ရေးအတွက် ဆံဖြူခင်စံပြကျေးရွာရှိ ဒေသခံပြည်သူများကို စွမ်းအားမြှင့်သံပုံးစွမ်မီးဖို(၃၁)လုံးကို အခမဲ့ဖြန့်ဝေပေးပြီး ထင်းလောင်စာအစားထိုး စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများဖြစ်သော ပဲစင်းငုံရိုး၊ နှမ်းရိုး၊ ပြောင်းရိုး၊ အုန်းလက်ခြောက်၊ ထန်းလက်ခြောက် အစရှိသည်တို့ကို ထင်းလောင်စာအဖြစ်သုံးစွဲကြရန် ဆွေးနွေးမှာကြားသည်။
အဆိုပါ ဆံဖြူခင်စံပြကျေးရွာရှိ ဒေသခံပြည်သူများကို ထင်းလောင်စာအစားထိုး အခြားလောင်စာတိုးမြှင့် သုံးစွဲနိုင်ရန်အတွက် စွမ်းအားမြှင့်သံပုံးစွပ်မီးဖို ထောက်ပံ့ပေးခြင်းကို ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက မီးဖိုအလုံးရေ(၆၂)လုံး၊ မင်းဘူးခရိုင်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက မီးဖိုအလုံးရေ(၆၃)လုံး၊ စုစုပေါင်း စွမ်းအားမြှင့်သံပုံးစွပ်မီးဖိုအလုံးရေ (၁၂၅)လုံး အခမဲ့ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကာ ထောက်ပံ့ရန် ကျန်ရှိသောမီးဖိုများကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ရွှေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)