ကသာမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကသာ ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွှဲ(၁)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ကု‌ဋေသန်းသန်း‌ဌေးက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာ “မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်လာနိုင်သော ကျန်းမားရေးနှင့် ဥပဒေရေးရာ အန္တရာယ်များကို တိကျစွာ သိရှိလာနိုင်ခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် များအကြောင်း ပညာရေးကဏ္ဍမှတဆင့် ကျယ်ပြန့်စွာဖော်ပြနိုင်ရန်၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးနိုင်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် အနာဂတ်ဘဝ လှပနိုင်ရေးအတွက် မူးယစ်ဆေးဝါးကင်းစင်ရန် လိုအပ်ကြောင်းနှင့် မူးယစ်ဆေးဝါး လျော့နည်းပပျောက်စေရန်အတွက် ကျောင်းသား/ ကျောင်းသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့အထိမ်းအမှတ်” မူးယစ်ဆေးဝါးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရဲလင်းထွန်း(ကသာ)