ထားဝယ်မြို့၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ထားဝယ်       ဇွန်  ၂၅

တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဦးစိုးမိုးနိုင်က နိုင်ငံ၏တာဝန်ကို ဆက်လက်တာဝန်ယူသွားကြမည့်လူငယ်များကို ပြုစုပျိုးထောင်သွားရန် လိုအပ်ကြောင်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ပြုလုပ် သွားကြရန် လိုအပ်ကြောင်း၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံကနေ ဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့´ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ကျောင်းသား/ကျောင်းသူများအနေဖြင့် စိတ်ကူးစိတ်သန်းများ၊ အိပ်မက်များအကောင်အထည်ဖော်ရာ၌ စာအုပ်စာစောင်များ ဖတ်ရှုခြင်း၊ အတွေ့အကြုံရှိသူများကိုမေးမြန်းခြင်းကနေရရှိနိုင်သကဲ့သို့ ကျောင်းသားအချင်းချင်း တိုင်ပင်ဆွေးနွေးခြင်းတို့ကလည်း ရရှိနိုင်ကြောင်း၊ လူငယ်များကိုယ်တိုင်ကလည်း မိမိကိုယ်မိမိတန်ဖိုးရှိသောလူသားများဖြစ်အောင် ကျင့်ကြံကြိုးကုတ်အားထုတ်ကြရန်လိုအပ်ကြောင်းပြောကြားသည်။

ဆက်လက်၍တိုင်းဒေသကြီးရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ခံဦးဇော်မင်းထွေး က ယဉ်ကျေးမှုနှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာအကြောင်းအားလည်းကောင်း၊ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ခံ ဦးလင်းကျော်ဇံစိုးက “အစားအသောက်တွင်သုံးစွဲခွင့်မပြုဆိုးဆေးများနှင့် ဓာတုတာရှည်ခံဆေးများအကြောင်း  ဟောပြောခဲ့ကြပြီး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)