ကန်ကြီးထောင့် ဇွန် ၂၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် စီမံကိန်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးကိုစဉ်ဆက်မပြတ် ကွင်းဆင်းကြီးကြပ်လျက်ရှိရာ ဇွန်လ(၂၁)ရက်နေ့ ညနေပိုင်းက ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါး(အထွက်တိုးမျိုး)စိုက်ပျိုးနေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေး၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ်မှ တာဝန်ရှိသူများက ကန်ကြီးထောင့် မြို့နယ်၊ ပျဉ်းမငူကျေးရွာအုပ်စု၊ ပျဉ်းမငူကျေးရွာ၊ ရတနာဝင်းစိုက်/ထွေသမဝါယမအသင်းမှ အသင်းသား ဦးဌေးလွင်၏ လယ်မြေ(၁၅)ဧကနှင့် သဘော့ငူကျေးရွာအုပ်စု၊ သဘော့ငူကျေးရွာ၊ သဘော့ငူ စိုက်/ထွေ သမဝါယမအသင်းမှ အသင်းသား ဦးမင်းမင်းထွန်း၏ လယ်မြေ(၁၂)ဧကတို့တွင် အထွက်တိုးစပါးမျိုး ဖြစ်သည့် အောင်နိုင်တိုးစပါးမျိုးအား မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးနေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြပြီး ညွှန်ကြားရေးမှူးမှ သွင်းအားစုများ အချိန်မီဖြန့်ဖြူးနိုင်ရေးအလေးထား ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယခင်နှစ်စိုက်ပျိုးမှုမှ ဝင်ငွေရရှိမှု၊ ကုန်ကျစရိတ်နှင့်အမြတ်ရရှိမှုအခြေအနေနှင့် ယခုနှစ်မျိုးပြောင်းလဲစိုက်ပျိုးမှုမှ ဝင်ငွေရရှိမှု၊ ကုန်ကျစရိတ်နှင့် အမြတ်ရရှိမှုအခြေအနေကွာခြားမှုတို့အား မှတ်တမ်းရေးသွင်းထားရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်မှုရှိသည်များကို သမဝါယမဦးစီးဌာနမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်း မှာကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကန်ကြီးထောင့်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကန်ကြီးထောင့်မြို့နယ်၊ သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)