ခန္တီး ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန်၊ အသိပညာဗဟုသုတများရရှိပြီး သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက မိမိတို့ကိုယ်တိုင် ပါဝင်ကူညီဆောင်ရွက်တတ်စေရန်အတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခန္တီးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းနုက ငလျင်လုပ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များ၊ ငလျင်ပြင်းအားများအကြောင်း၊ မြန်မာနိုင်ငံ၏ ငလျင်ဇုန်များအကြောင်းနှင့်ပတ်သက်၍လည်းကောင်း၊ အငယ်တန်းစာရေး ဦးကျော်ညီညီသန့်က ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားသင့်သည်များ၊ ကြုံတွေ့လာပါက ဆောင်ရွက်ရမည့်အချက်များ၊ ရေဘေးပြီးဆုံးပါက ဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် ခန္တီးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝန်ထမ်းများက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ဝေထားသည့် ငလျင်ဘေး/ရေဘေး/မီးဘေးပညာပေးစာစောင်များကို ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူလေးများ၏ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ကျောင်းဆရာ/မများ၊ အထက်တန်းအဆင့်ကျောင်းသား/သူ များ စုစုပေါင်း(၁၉၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)