ခန္တီး ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိပြီး မူးယစ်ဆေးဝါးကို ရှောင်ရှားတတ်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီ/ကဗျာပြိုင်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ဟောပြောပွဲ၊ ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲအားပြုလုပ်ရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးက မူးယစ်ဟူက တိုက်ဖျက်ကြခေါင်းစဉ်ဖြင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် (၁၅)ဦး၊ မူးယစ်ရန်စွယ်တွန်းလှန်မယ်ခေါင်းစဉ်ဖြင့် စိတ်ကြိုက်ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးတို့က အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဉာဏ်မြင့်က မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း ခေါင်းစဉ်ဖြင့် အကျယ် တဝင့် ရှင်းလင်းပြောကြားကာ စိတ်ကြိုက်ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ပြီး ခန္တီးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်များ၊ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ကမ်းကီး