ညောင်တုန်း ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မိုးဝင်းက မူးယစ်ဆေးဝါးသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးစတင်စွဲလန်းရသည့် အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှုနှင့် ပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများနှင့် လူငယ်များအား မူးယစ်ဆေးဝါးသုံးစွဲသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးမသုံးစွဲမိစေရန်ဆောင်ရန်၊ ရှောင်ရန်များ စသည့် လူငယ်ရေးရာ အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူအခွင့်အရေးနှင့် တာဝန်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အာမခံပေးထားမှု အပေါ် တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့်ဖုန်းနံပါတ်များစသည့် စားသုံးသူကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး စာအုပ်စာစောင် ပြပွဲ၊ မူးယစ်ဆေးဝါးဓါတ်ပုံများနှင့် နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)