အုတ်တွင်း ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား တကိုယ်ရေသန့်ရှင်းမှုရှိစေရေးနှင့် ရောဂါဘယကင်းဝေးစေရေးအတွက်ရည်ရွယ်၍ သန့်လေးသန့်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာမူလတန်း လွန် ကြက်သွန်ခင်း(၁)ကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အုတ်တွင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ဒုတိယတပ်ဖွဲ့မှူးဒေါ်ခင်ဖုန်းမြင့်က ကျောင်းသား၊ ကျောင်းသူများအား လက်သန့်စင်ရေးနှင့် တကိုယ်ရေသန့်ရှင်းရေးဂရုပြုရန်၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရန်၊ ယင်နားစာများအပါအဝင် မသန့်ရှင်းသောအစားအစာစားသုံးခြင်းကို ရှောင်ကြဥ်ရန်၊ သောက်ရေသန့်(သို့မဟုတ်)ရေကိုကျိုချက်၍ သောက်ရန်၊ ယင်လုံအိမ်သာသုံးစွဲရန်၊ အမှိုက်များကိုစနစ်တကျစွန့်ပစ်ရန် စသည့်သန့်လေးသန့်အကြောင်းအရာများကို ရှင်းလင်းဟောပြောပေးခဲ့ပြီး တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ဒုတိယတပ်ဖွဲ့မှူးမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)