ပြည် ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ PEC ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး "လူငယ်စကားဝိုင်း" ကျင်းပရာ အဆိုပါကျောင်းမှကျောင်း အုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ ၁၅၀ခန့်တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ရွှေဝါဖူးက လူငယ်စကားဝိုင်းကျင်းပခြင်းရည်ရွယ် ချက်အား ဆွေးနွေးပြောကြားသည်။ ယင်းနောက် ခရိုင်ပြန်/ဆက်ဦးစီးအရာရှိဦးအောင်ကိုသန့်နှင့် ဒုတိယမြို့နယ် ပညာရေးမှူးဦးအေးလွင်တို့က လူငယ်စကားဝိုင်းထိန်းညှိသူ Moderator အဖြစ် ဆောင်ရွက်ကြပြီး အဆိုပါကျောင်းမှ Grade- 11 ကျောင်းသားမောင်ဒီနိုင်းက "လူငယ်နှင့်စာပေ"၊ Grade -11 ကျောင်းသူမဧကိုပန်က "လူငယ်နှင့်မူးယစ် ဆေးဝါးအန္တရာယ်"၊ Grade-10 ကျောင်းသူမကြယ်စဉ်ခ က "လူငယ်နှင့် သဘာဝပတ်ဝန်းကျင်"၊ Grade- 10 ကျောင်းသား မောင်စံကောင်းကင်ယံက "လူငယ်နှင့်ဆိုရှယ်မီဒီယာ"၊ Grade -11ကျောင်းသူ မဆုလင်းပြည့်က "လူငယ်နှင့်အားကစား" ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာမှတ်သားထားသော အသိပညာဗဟုသုတအကြောင်းများကို သက်ဆိုင်ရာခေါင်းစဉ်အလိုက် တစ်ဦးချင်းအလှည့်ကျ ဦးဆောင်ပြောဆိုဆွေးနွေးကြသည်။
ယင်းနောက် လူငယ်စကားဝိုင်း၏ဆွေးနွေးချက်များအပေါ် ဒုတိယမြို့နယ်ပညာရေးမှူးက ခြုံငုံသုံးသပ်ဆွေးနွေးပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ဦးဆောင်ဆွေးနွေးသူငါးဦးက ကဏ္ဍအလိုက်ပြန်လည် ဖြေကြားဆွေးနွေးကာ တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးသူများအတွက် ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြသည်။ လူငယ်စကားဝိုင်းအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြား ရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၏ နယ်လှည့်ရွေ့လျားစာကြည့်တိုက်ယာဉ်မှ သုတ/ရသစာအုပ်မျိုးစုံနှင့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာကြသည်။
လူငယ်စကားဝိုင်းများပြုလုပ်ပေးခြင်းဖြင့် အခြေခံပညာအရွယ်ကစ၍ စိတ်ဓာတ်ကြံ့ခိုင်မှု၊ မိမိကိုယ်ကိုယုံကြည်မှုနှင့် နယ်ပယ်အသီးသီး၌ လူအများရှေ့တွင် အချက်ကျကျပြောဆိုနိုင်သည့် စကားပြောစွမ်းရည်များ ပြည့်ဝလာစေမည်ဖြစ်သည့်အပြင် အသိပညာအတတ်ပညာရပ်များကို ပိုမိုစူစမ်းလေ့လာလိုစိတ်များ ရရှိလာစေမည်ဖြစ်ပြီး လူငယ်များ၏တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုဖွံ့ဖြိုးစေခြင်း၊ အသိဉာဏ်ပညာဖွံ့ဖြိုးမှုနှင့်အတူ ကောင်းမွန်သော အတွေးအခေါ်အယူအဆကောင်းများရရှိလာစေခြင်း၊ ဗဟုသုတပြည့်စုံ၍ စိတ်ဓာတ်ကြံ့ခိုင်ကာ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာစေခြင်း၊ ကိုယ်ကျင့် တရားကောင်းမွန်မှုနှင့် မိမိတို့ဝါသနာအလိုက် သမ္မာအာဇီဝသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် လောကကောင်းကျိုးသယ်ပိုးနိုင်စေခြင်း အစရှိသည့် ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးစေနိုင်ပြီး ဘက်စုံထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများဖြစ်လာနိုင်စေရန် ရည်ရွယ် ချက်တို့ဖြင့် လူငယ်စကားဝိုင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)