ကျောင်းကုန်း ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁း၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ထိုက်သင့်သော အခွန်များပေးချေနိုင်ရေး၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရေး စည်းကြပ်ဆောင်ရွက်သွားရန်၊ အခွန်ရှောင်သူများကို ဖော်ထုတ်နိုင်ရန် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ စားသောက်ဆိုင်၊ ရွှေဆိုင်၊ တည်းခိုခန်းများ၏လုပ်ငန်းရှင်များကို ရှောင်တခင်စစ်ဆေးကြဖို့လိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်အခွန်ဦးစီးမှူး ဒေါ်အေးအေးမော်က ပြေစာများအပေါ်တွင် ကပ်နှိပ်သည့် အခွန်အမှတ်တံဆိပ်များအပေါ်ရှိ QR Code အမှတ်အသားများအား QR Scanner ဖြင့်ဖတ်ရှုပါက အမှတ်တံဆိပ်များအား ကွဲပြားစွာဖော်ပြမည်ဖြစ်သဖြင့် သက် ဆိုင်သည့် အခွန်အမှတ်တံဆိပ်များကိုသာ ကပ်နှိပ်အသုံးပြုသွားရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်