ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေး ကျင်းပ

ပေါက်ခေါင်း ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊  ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကို ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ (၂)နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးမြတ်က မိုးရာသီဖြစ်၍ ပိုလောက်လမ်းများနှင့် ခြင်များမပြန့်ပွားစေရန် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ တစ်ကိုယ်ရေသန့်ရှင်းရေး အထူးကောင်းမွန်စေရန် ဆရာ၊ ဆရာမများအနေဖြင့် အပတ်စဉ် စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းတိုင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထားရမည်ဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးကိစ္စများနှင့်ပတ်သက်၍ သိသင့်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ကျောင်းကျန်းမာရေးအဖွဲ့အစည်းကို ဖွဲ့စည်းထားခြင်းဖြင့် ပညာရေးသာမက ကျန်းမာရေးပါကောင်းမွန်သော ဘက်စုံပညာရေးစနစ် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ကလေးများအတွက် ကျန်းမာရေးသည် အရေးပါကြောင်းနှင့် ကျန်းမာရေးကောင်းမှသာ ပညာကိုဆုံးခန်းတိုင်အောင် သင်ကြားနိုင်မည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဌာနဆိုင်ရာများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)