ဘားအံ ဇွန် ၂၅
ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲစာရင်းများ မှန်ကန်စေရေးအတွက် အခြေခံဖြစ်သော လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်မှစ၍ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကရင်ပြည်နယ်အတွင်း ၈၀ ဒဿမ ၀၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ မဲစာရင်းပြုစုရာတွင် တိကျမှန်ကန်စေရေး အခြေခံရမည့် လူဦးရေစာရင်းများ မှန်ကန်စေရေး ပြည်လည်စိစစ်ရမည့် လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် ပြန်လည်စိစစ်ရမည့်လုပ်ငန်းစဉ်များ အောင်မြင်စေရေး၊ အသက်(၁၈)နှစ်နှင့် အထက် လူဦးရေစာရင်း(ပဥ္စမမူကြမ်း)အား သတ်မှတ်ရက်အပြီး ပြည့်စုံမှန်ကန် စွာပြုစုပေးပို့ရေး တို့အတွက် ပြည်နယ်/ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပြီး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီအဆင့်ဆင့်က ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ တွဲဘက်အတွင်းရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မြင့်က မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ယခင်အစည်းဝေးဆုံးဖြတ်ချက်များအပေါ်လိုက်နာဆောင် ရွက်ပြီးစီးမှု၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူတိုးတက်မှုနှင့်ပြီးစီးမှု၊ စိစစ်တွေ့ရှိချက်များအား ဖြေရှင်းဆောင်ရွက်ထားရှိမှု၊ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း (ပဥ္စမမူကြမ်း) ပေးပို့နိုင်ရေးဆောင်ရွက်ထားရှိမှု၊ eID server တွင် အချက်အလက်များ ပြင်ဆင်ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြပြီး ကရင်ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိက မဲဆန္ဒရှင်စာရင်း များပြည့်စုံမှန်ကန်စေရေး လူဦးရေစာရင်းများစိစစ်ဆောင်ရွက်နေမှု အခြေအနေ၊ အီလက်ထရောနစ်မဲပေးစက်(MEVM) များနှင့်ပတ်သက်၍တင်ပြချက်များနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးတင်ပြကာ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာမြို့နယ်များအလိုက် စာရင်းကောက်ယူနိုင်သည့် ရပ်ကွက်/ကျေးရွာများ၊ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်း (ပဥ္စမမူကြမ်း)နှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု၊ ပန်းခင်းစီမံချက်အဆင့် (၃) နှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အစရှိသည်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)