ဘုတ်ပြင်း ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် အ.ထ.က-ဘုတ်ပြင်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်လဲ့လဲ့ချိုနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းတို့က ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သတိပြုရန်ရှောင်ရှားရမည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင်း ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်အလက်များ၊ ဆောင်ရန်၊ ရှောင်ရန်များကို အသီးသီး ဟောပြောခဲ့သည်။
ယင်းနောက် ဉာဏ်စမ်းပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အ.ထ.က-ဘုတ်ပြင်းကျောင်းမှ အလယ်တန်းကျောင်းသား၊ ကျောင်းသူ (၃၅) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ကြသည်။
ပြိုင်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးမှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)