ထားဝယ်မြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ထားဝယ် ဇွန် ၂၅

၂၀၂၅ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အ‌အေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ် (၆) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းက မြန်မာနိုင်ငံတွင် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ World Refrigeration Day (WRD) အထိမ်းအမှတ်အခမ်းအနားနှင့် အသိပညာပေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ်က စတင်ပြီး နှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (World Refrigeration Day) ဆောင်ပုဒ်သည် “Cool Skills” “အအေးပေးနည်းပညာကျွမ်းကျင်မှုမြှင့်တင်ရေး အလေးထားဆောင်ရွက်ပေးဖြစ်ကြောင်း၊ ကမ္ဘာကြီးကို အေးမြမှု၊ နွေးထွေးမှု၊ သက်တောင့်သက်သာရှိမှုနှင့် ရေရှည်တည်တံ့စေမည့်နည်းပညာများကို ဖန်တီးပေးခဲ့သည့် ထူးခြားစွမ်းရည်ရှိသော လူသားများ၏ကျွမ်းကျင်မှု၊ လက်ဆင့်ကမ်း နည်းပညာရှင်များနှင့် အင်ဂျင်နီယာများ၊ သင်တန်းဆရာများ၊ သုတေသီများနှင့်ဆန်းသစ်တီထွင်သူများအားလုံးကို ဂုဏ်ပြုပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အအေးပေးနည်းပညာကျွမ်းကျင်မှု မြှင့်တင်ရေးသည် အရေးပါသည်ဆိုတာကို မီးမောင်းထိုးပြသော  ရည်ရွယ်ချက်ဖြင့် ဆောင်ပုဒ်ကိုသတ်မှတ်ခြင်း ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူ ကျောင်းသား၊ ကျောင်းသူ (၄) ဦးက “လူသားနှင့်ပတ်ဝန်းကျင်၊ အအေးပေးနည်းပညာဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါပုံ၊ ယနေ့ကမ္ဘာကြီးနှင့် စွန့်ပစ်ပစ္စည်းပြဿနာ၊  ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှု” စသည့်အကြောင်းအရာများကို  ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲကြပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ပပမင်းက ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် ဖြည့်စွက်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူများအား ကမ္ဘာ့အ‌အေးပေးပစ္စည်းများနေ့အထိမ်းအမှတ် “အအေးပေးနည်းပညာကျွမ်းကျင်မှုမြှင့်တင့်ရေးအလေးထားဆောင်ရွက်ပေး” လက်ကမ်းစာစောင်များနှင့် ကမ္ဘာမြေထိန်းသိမ်းခြင်းစာအုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)