မအူပင်တက္ကသိုလ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မအူပင် ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်တက္ကသိုလ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲနှင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲတွင်ဆုရရှိသူများ ဆုချီးမြှင့်ပွဲအား ယနေ့နံနက် (၁၀) နာရီက မအူပင်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မအူပင်တက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာနီနီဦးမှ အာဇာနည်နေ့နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး သမိုင်းဌာနပါမောက္ခဆရာမကြီး ဒေါက်တာမိုးမိုးပြုံးမှ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအကျဉ်းနှင့် အာဇာနည်နေ့နှင့်အမျိုးသားရေးတာဝန် ခေါင်းစဉ်ဖြင့် ဟောပြောရှင်းလင်းသည်။ ယင်းနောက် (၇၈) နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူများအား ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာဝင်းဝင်းအိမှလည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများအား ဒုတိယပါမောက္ခချုပ်ဆရာကြီး ဒေါက်တာသန်းအောင်ထွေးမှလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအား မအူပင်တက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာနီနီဦးနှင့် ဒုတိယပါမောက္ခချုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ဌာနအသီးသီးမှ ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)