မအူပင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့်(စာစီစာကုံးပြိုင်ပွဲ)ကျင်းပ

မအူပင် ဇွန် ၂၅

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာ အထက်တန်းအဆင့်(စာစီစာကုံးပြိုင်ပွဲ)ကို ယနေ့နံနက် ၁၀ နာရီကမအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “ကြိုတင်ကာကွယ်မူးယစ်အန္တရာယ်” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပရာ မအူပင်မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာ‌အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၄)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းယုမော်၊ အမှတ်ပေးအကဲဖြတ်ဒိုင်များ၊ ဆရာ ဆရာမများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်