မြောင်းမြမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့်ပြပွဲများပြုလုပ်

မြောင်းမြ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့်ပြပွဲများကို ယနေ့နံနက် (၁၁း၀၀) နာရီအချိန်က အ.ထ.က (၇) ကွယ်လွယ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အ.ထ.က(၇) ကွယ်လွယ်ကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သီရိပြည့်ပြည့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် စာပေ၏အကျိုးကျေးဇူးအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် မူးယစ်ဆေးဝါး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ပြသထားသည့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အ.ထ.က (၇) ကွယ်လွယ်ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ