ပွင့်ဖြူ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ငရုတ်စိုက်ပျိုးတောင်သူများအတွက် ခိုင်မာသောဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)နှင့် W7 ကုမ္ပဏီတို့တွေ့ဆုံ၍ အကြိုလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ တောင်သူအကျိုးဆောင်အသင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်က မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ (နွေ၊ မိုး၊ ဆောင်း) ရာသီအလိုက် ငရုတ်သီးနှံများ စိုက်ပျိုးရာတွင် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ထုတ်လုပ်သူရော စားသုံးသူပါ အစားအစာဘေးကင်းလုံခြုံသော သီးနှံများရရှိကာ တောင်သူများအတွက် ခိုင်မာသော ငရုတ်ဈေးကွက်ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ငရုတ်သီးနှံစိုက်ပျိုးရေးနှင့်ပတ်သက်ပြီး တောင်သူများ အခက်အခဲမဖြစ်စေရေး တောင်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ W7 ကုမ္ပဏီမှ တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်းရှိ ငရုတ်စိုက်ပျိုးတောင်သူများအတွက် အရည်အသွေးမြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ခိုင်မာသော ဈေးကွက်ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးမည့် လုပ်ငန်းအခြေအနေများ၊ အထွက်နှုန်းတိုးတက်ရေးအပြင် အစားအစာဘေးကင်းလုံခြုံရေးအတွက် သဘာဝစိုက်ပျိုးရေးသုံး သွင်းအားစုများကို ထည့်သွင်းအသုံးပြုရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်တောင်သူအကျိုးဆောင်အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ငရုတ်စိုက်ပျိုးတောင်သူများအတွက် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောသွင်းအားစုပစ္စည်းများ ဝယ်ယူရရှိနိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးရာ W7 ကုမ္ပဏီမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)