ပွင့်ဖြူ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများက မိသားစုဝင်ငွေတိုးပွားစေရန်အတွက် မိမိတို့၏ ဥယျာဉ်ခြံမြေများနှင့် နေအိမ်ဝိုင်းများရှိ မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရကာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဖြစ်ထွန်းအောင်မြင်ပြီး လုပ်ငန်းအဆင်ပြေ လျက်ရှိကြောင်း သိရသည်။
နဂါးမောက်သီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံဖြစ်သည့်အတွက် ပြည်သူများက အကြိုက်တွေ့ဝယ်ယူ စားသုံးကြကြောင်း သိရသည်။ နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် ရာသီဥတုစိုစွတ်အေးမြသောနေရာတွင်သာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း၊ စိုက်ပျိုးပြီးတစ်နှစ်အကြာတွင် ရောင်းတန်းဝင်နဂါးမောက်သီးများကို စတင်ဆွတ်ခူးရောင်းချရကြောင်းနှင့် တစ်နှစ်လျှင် ငါးကြိမ်ခန့်အသီးများ လှိုင်လှိုင်သီးကာ စိုက်ပျိုးလုပ်ကိုင်ကြသူများအတွက် စီးပွားရေးတွက်ခြေကိုက်မှုရှိကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ နဂါးမောက်သီးနှံစိုက်ပျိုးသည့် ဒေသခံတောင်သူများထံမှ သိရသည်။
နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် နှစ်ရှည်သီးနှံဖြစ်၍ ဂရုတစ်စိုက်ပြုစုပျိုးထောင်စိုက်ပျိုးပါက မိသားစုဝင်ငွေတိုးပွားစေမည့် စိုက်ပျိုးလုပ်ငန်းတစ်ခုဖြစ်ကာ စိုက်ပျိုးရာတွင် အတန်းလိုက်စိုက်ပျိုးရပြီး တစ်ပင်နှင့်တစ်ပင် အနည်းဆုံးခြောက်ပေကွာစိုက်ပျိုးလေ့ရှိကြောင်း၊ အသီးအပွင့်များ စတင်ထွက်ရှိလာပါက စင်များပြုလုပ်ပေးရကြောင်း၊ နဂါးမောက်သီးတွင် အဖြူသီးနှင့်အနီသီးဟူ၍ (၂)မျိုးရှိပြီး အဖြူသီးသည် ချိုပြီးအရသာရှိကာ အနီးသီးသည် ကျန်းမာရေးအတွက် ဆေးဘက်ဝင်၍ ပုံမှန်မှီဝဲစားသုံးပါက အစာချေဖျက်အားကောင်းပြီး ဆီး၊ ဝမ်း မှန်စေသည့်အပြင် သွေးတိုး၊ ဆီးချိုရောဂါရှိသူများစားသုံးပါက ကျန်းမာရေးကောင်းမွန်စေကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)