မြောင်းမြခရိုင် (Community Centre) ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မြောင်းမြ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ဝင်းမော်က ဘေးအန္တရာယ်ကျရောက်လာပါက မိမိတို့ဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးမှုများအားလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဝတ်ရည်ထွန်းက သဘာဝဘေး မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သတ်၍လည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ