မင်းလှမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မင်းလှ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက ကျောင်းသား ကျောင်းသူများ ငယ်ရွယ်စဉ်အချိန်၌ မူးယစ်ဆေးဝါးများကို စမ်းသပ်ခြင်းမပြုလုပ်ကြရန်၊ မူးယစ်ထုံထိုင်းစေသည့်ဆေးများ သုံးစွဲခြင်းမပြုလုပ်ကြရန်၊ မူးယစ်ထုံထိုင်းစေသည့်ဆေးများ သုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာမည့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်း၊ လူငယ်များသိရှိလိုက်နာသင့်သည့်အချက်များကို အသိပညာ‌ပေးဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်မာချိုဝင်းက ကလေးအလုပ်သမား၏ အသက်အရွယ်အပိုင်းအခြား၊ အလုပ်ခွင်ဝင်ရောက်သည့် ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များအား ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ဟောပြောပွဲ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)