အောင်လံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

အောင်လံ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အောင်လံမြို့၊ အ.ထ.က(ရွာထောင်) ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း ပြောကြားရာတွင် မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော လူနေမှုဘဝကို ဆိုးရွားစွာထိခိုက်နစ်နာစေသည့် ဘက်ပေါင်းစုံ စိန်ခေါ်မှုတစ်ရပ်အဖြစ် ဖော်ဆောင်လျက်ရှိပြီး မူးယစ်ဆေးဝါးထုတ်လုပ် သယ်ဆောင်ရောင်းဝယ်မှုသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုစသည့် နိုင်ငံဖြစ်ကျော်မှုခင်းများနှင့် ဆက်နွယ်လျက်ရှိပြီး နိုင်ငံတော်၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေလျက်ရှိကြောင်း ပြောကြားခဲ့ပြီး၊ အောင်လံမြို့မ စခန်းမှူး ဒုရဲမှူး ဦးသိန်းနိုင်မှ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေးအကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင်တို့အား ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)