ငပုတော ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဟိုတယ်/တည်ခိုးခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ရွှေဆိုင်လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များ၊ ရုပ်သံမီဒီယာလုပ်ငန်းရှင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်မာကုန်ခြောက်ဆိုင်လုပ်ငန်းရှင်များနှင့် လယ်ယာသုံးစက်ပစ္စည်းလုပ်ငန်းရှင်များ ယင်းလုပ်ငန်း(၈)မျိုးနှင့် သက်ဆိုင်သည့်လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာပညာရှင်းလင်းခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
အဆိုပါရှင်းလင်းပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်တွင်းအခွန်များဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှလှဝင်းက ပြည်တွင်းအခွန်များဦးစီးဌာန၏ လိုက်နာကျင့်သုံးနေ သောအခွန်ဆိုင်ရာဥပဒေများ၊ တာဝန်ယူကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ လိုက်နာဆောင်ရွက်ရန်အချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အခွန်ဆိုင်ရာဥပဒေရှင်းလင်းပွဲသို့ တက်ရောက်လာကြသော မြို့နယ်အတွင်းရှိ အခွန်ထမ်းလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာတာဝန်ရှိသူက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)