ကံမမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကံမ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတု မျှတကောင်းမွန်စေရန်အတွက် သစ်ပင်သစ်တော စိုက်ပျိုးပြုစုထိန်းသိမ်းရေးတွင် ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်စေရေးတို့ကို ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈) နာရီက အမှတ်(၂)ရပ်ကွက်၊ ဘုံသာဘုန်းတော်ကြီးကျောင်း မြေကွက်လပ်၌ မြို့နယ်သစ်တောဦးစီးဌာနက စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများက သတ်မှတ်နေရာအသီးသီးတို့၌ ကျွန်း(၂၀၀)ပင်၊ ပျဉ်းကတိုး(၃၀)ပင်၊ ခရေ(၃၀)ပင်၊ ပိတောက်(၂၀)ပင်၊ ပဲချယ်ရီ(၂၀)ပင် စုစုပေါင်းပျိုးပင် (၃၀၀)အား စနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)