သရက်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

သရက် ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁)အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစန်းဦးက မူးယစ်ဆေးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု တားဆီးနှိမ်နင်းခြင်းဆောင်ရွက်မှုများ ဟောပြောခဲ့သည်။

ဆက်လက်၍ သရက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေမျိုးပိုင်က "အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်ရမည့် မူးယစ်ဆေးဝါးအန္တရာယ်"ခေါင်းစဉ်ဖြင့် ဟောပြောရာ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်းသည်” ဟူသည့် စကားရပ်အတိုင်း ကျောင်းသားလူငယ်များအတွက် အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများ၊ ကျောင်းပြင်ပစခန်းများတွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူတစ်ရပ်လုံး မူးယစ်ဆေးဝါးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိရှောင်ရှားနိုင်ရန်အတွက် အသိပညာပေးလှုံ့ဆော်ရေးလုပ်ဆောင်မှုများကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးအမျိုးမျိုး ရောင်းဝယ်ဖောက်ကားသုံးစွဲမှုများမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ယနေ့အချိန်ထိ ကျယ်ပြန့်လျက်ရှိသဖြင့် လူသားများလူညွန့်မတုံး ဘဝမပျက်စေရန်နှင့် နိုင်ငံများတည်ငြိမ်းအေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်စေရန် မူးယစ်ဆေးဝါးများကို အရှိန်အဟုန်ဖြင့် တိုက်ဖျက်နေသည့် မြန်မာ့တပ်မတော်၊ ရဲတပ်ဖွဲ့တို့နှင့်အတူ ပြည်သူတစ်ရပ်လုံးက ပူးပေါင်းလက်တွဲကာ အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်နိုင်မှသာလျှင် လူငယ်များ အနာဂတ်ဘဝတောက်ပစွာဖြင့် သာယာလှပစေနိုင်မည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ထို့နောက် သရက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများက မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)