စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့် တိုင်းဒေသကြီးကိုယ်စားပြုအားကစားအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မုံရွာ ဇွန် ၂၅

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲနှင့် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အား ကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားအသင်းများအနေဖြင့် ယခင်နှစ်များမှ အတွေ့အကြုံများအားရယူပြီး အားသာချက်၊ အားနည်းချက်များကို ပြုပြင်လေ့ကျင့်ကာ မိမိတိုင်းဒေသကြီးအတွက် တရားသောယှဉ်ပြိုင်ခြင်းဖြင့် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များအားရယူကာ ယခင်နှစ်များထက် ပိုမိုအောင်မြင်အောင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ အသင်းအုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ အနေဖြင့်လည်း အသင်းအလိုက် တစ်ဦးချင်းအလိုက် ပြိုင်ပွဲများတွင် အနိုင်မခံအရှုံးမပေးသည့် ဇွဲစိတ်ဓါတ်နှင့် စည်းမျဉ်း/ စည်းကမ်းဘောင်ထဲမှ တရားမျှတစွာ ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် အားကစားဖြင့် နိုင်ငံတော်အား မြှင့်တင်ပေးနိုင်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ယှဉ်ပြိုင်ခဲ့ကြပြီး မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများမှ ကြိုဆိုဂုဏ်ပြုပေးချင်သောကြောင့် အောင်မြင်မှုများနှင့်အတူ ဆုတံဆိပ်များပိုက်ကာ ပြန်လာခဲ့ကြရန် တိုက်တွန်းပြောကြားခဲ့သည်။   

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်အသင်း အုပ်ချုပ်/နည်းပြနှင့် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်/နည်းပြများထံ အောင်နိုင်ရေးအလံအား ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်အသင်း နည်းပြများထံ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်- ၁၃၂ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်း နည်းပြများထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် -သိန်း ၁၀၀ အား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြေးခုန်ပစ်အသင်း အုပ်ချုပ်သူနှင့် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်သူများက ပြိုင်ပွဲများဝင်ရောက် ယှဉ်ပြိုင်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)