ညောင်တုန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ညောင်တုန်း ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းစိုးအောင်က ‌လူငယ်လူရွယ်များ‌ အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် များကိုလည်း‌ကောင်း၊ မြို့မစခန်းမှူး ဒုတိယရဲမှူးညီညီက မူးယစ်ဆေးဝါးသမိုင်းကြောင်း၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေး စတင်စွဲလန်းရသည့် အကြောင်းအရင်းများကိုလည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးစိုင်းခွန်ဆမ်က မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှုနှင့် ပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်တင်လှိုင်က စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများနှင့် လူငယ်များအား မူးယစ်ဆေးဝါးသုံးစွဲသူများ၏စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် ဆောင်ရန်၊ ရှောင်ရန်များစသည့် လူငယ်ရေးရာ အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်က စားသုံးသူအခွင့်အရေးနှင့်တာဝန်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်းနှင့် အာမခံပေးထားမှုအပေါ် တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင်နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့်ဖုန်းနံပါတ်များစသည့် စားသုံးသူကာကွယ်‌ရေး အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး စာအုပ် စာစောင်ပြပွဲ၊ မူးယစ်ဆေးဝါးဓါတ်ပုံများနှင့် နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)