ထား၀ယ် ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်၂၆ရက်တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင် ပြပွဲကို ဇွန် ၂၄ ရက် မွန်းလွဲပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲတွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က မူးယစ်ဆေးဝါးတရားမဝင်ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် သုံးစွဲမှုများသည် လူသားများ၏ကျန်းမာရေး၊ အေးချမ်းစွာနေထိုင်မှုကို ဆိုးရွားစွာခြိမ်းခြောက်လျက်ရှိပြီး လူအဖွဲ့အစည်း၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအခြေခံအုတ်မြစ်များကို လှိုက်စားလာကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် မူးယစ်ဆေးစွဲရောဂါ၏ နောက်ဆက်တွဲရောဂါများလျှော့ချနိုင်ရေး၊ လူမှုဘဝမြှင့်တင်ရေး စသောလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ကျောင်းသားကျောင်းသူများ အနေဖြင့်ဆုရရှိမှုကို ပဓာနမထားဘဲ ပါဝင်ယှဉ်ပြိုင်ခြင်းသည်သာ အဓိကဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် အခြေခံပညာကျောင်းပေါင်းစုံမှအလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများ က မူးယစ်ကင်းစင် ကျောင်းတော်တစ်ခွင်ခေါင်းစဉ်ဖြင့် စာစီစာကုံးအားဖြေဆိုကြရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ရွက်ချက်များ၊ စာဖတ်စွမ်းရည်၊ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ငွေဇင်ယော်(ထားဝယ်)