ဖြူး ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်တားဆီးကာကွယ်ရေးလုပ်ငန်းများ သိရှိစေရေးအတွက် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းများ၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ ၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့သို့ပေးပို့သည့် "တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုကိုတားဆီးနှိမ်နင်း" သဝဏ်လွှာကောက်နုတ်ချက်၊ "ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်"၊ "မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ"၊ " မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ"၊ "ကမ္ဘာ့ပြဿနာ မူးယစ်ဆေး တစ်ကမ္ဘာလုံးတိုက်ဖျက်ပေး" ဆောင်ပုဒ်၊ "အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့" ဆောင်ပုဒ်၊ စာရေးဆရာမောင်ကျေးဇူးရေးသားသည့် အဆိပ်ပန်းကဗျာနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ထားသည့် မှတ်တမ်းဓါတ်ပုံများ၊ ကာတွန်းများထည့်သွင်းရေးသားဖော်ပြထားသည့် သတင်းစကားလက်ကမ်းစာစောင်များကို ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)