ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မိုးရေဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးသော နွေနှမ်းစိုက်ခင်းများအား ရိတ်သိမ်းပြီးစီး

ပွင့်ဖြူ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးထားရှိသော နွေနှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိခဲ့သော်လည်း မေလနှင့် ဇွန်လအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် စိုက်ဧက နှစ်သောင်းကျော်ခန့် ထိခိုက်ပျက်စီးခဲ့ရာ ယခုအခါ ဒေသခံတောင်သူများက အဆိုပါ ထိခိုက်ပျက်စီးသော နွေနှမ်းစိုက်ခင်းများကို ပြန်လည်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး နွေနှမ်းစိုက်ဧက ငါးသောင်းကျော် စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပြီး မေလနှင့် ဇွန်လအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် နှမ်းစိုက်ဧက ၂၄၆၁၀ ဧက ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုအခါ အဆိုပါ မိုးရေဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နွေနှမ်းစိုက်ခင်းများကို ဒေသခံတောင်သူများက ပြန်လည်ရိတ်သိမ်းလျက်ရှိရာ ယနေ့အထိ စိုက်ဧက ၁၈၉၅၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၇ ဒသမ ၂ တင်းခန့်ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်၊ ဆီစားသုံးမှုဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် နှမ်းစိုက်ပျိုးရေးလုပ်ငန်းကို မဲဇလီရေလွှဲဆည်ရေဖြင့် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း နွေနှမ်းစိုက်ဧက ၄၁၄၅၂ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု ၅၇၆၁၆ ဧက စိုက်ပျိုးနိုင်ခဲ့၍ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )