မြိတ် ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စု ကန်သာယာရွာ၌ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း (ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုး ရရှိရေး ဆောင်ရွက်မည့်လုပ်ငန်း)ဖြင့် အခြေခံစက်ချုပ်နည်းသင်တန်းကို ဇွန်၂၄ရက်က မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကန်သာယာဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သည်။
သင်တန်းကို ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ် ပေါ်ထွန်းလာပြီး မိသားစုဝင်ငွေပိုမိုရရှိလာစေရန်၊ နည်းပညာများကိုအသုံးပြု၍ အဝတ်အထည် များကို ဒီဇိုင်းလှပခေတ်မီပြီး ဈေးကွက်ဝင်အထည်များ ထုတ်လုပ်ရောင်းချနိုင်ရန်၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံဖြိုးတိုးတက်လာစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင် လုပ်ကိုင်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းတွင် စက်ချုပ်သင်တန်းသုံးပစ္စည်းများ ကိုင်တွယ်အသုံးပြုပုံနှင့် အခြေခံစက်ချုပ်နည်း ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေး က အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သူသူစံ က စီမံကိန်းလုပ်ငန်း အကြောင်းအရာများနှင့်စပ်လျဉ်း၍ ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်က စီမံကိန်းလက်စွဲစာစောင်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး က သင်တန်း သင်ထောက်ကူပစ္စည်းများ လွှဲပြောင်းပေးအပ်ပြီး တက်ရောက်လာကြသူများက သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းကို ဇွန်၂၄ရက်မှ ဇူလိုင်၂၃ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းသူ (၁၅)ဦး တက်ရောက်လျက်ရှိသည်။ ထို့အတူ မွမ်းမံသင်တန်းကို ဆက်လက်ဖွင့်ပေးသွားမည် ဖြစ်ကာ ထူးချွန်သင်တန်းသူငါးဦးကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျပ် (၁၆)သိန်းနှင့် ညီမျှသော လုပ်ငန်းသုံးပစ္စည်းများကို လုပ်ငန်းလုပ်ကိုင်သူများနှင့် စာချုပ်ချုပ်ဆိုသုံးစွဲခွင့်ပြု၍ လုပ်ငန်းထူထောင်ပေးမည်ဖြစ်ပြီး ဌာနမှလုပ်ငန်းထူထောင်နိုင်ရန် ခြေနင်းအပ်ချုပ်စက်၊ ဓားစက်၊ ပန်းထိုးစက်များနှင့် ဆက်စပ်ပစ္စည်းများကို လုပ်ငန်းသုံးပစ္စည်းများအဖြစ် ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )