ဟုမ္မလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌ စောင်ပြပွဲ ပြုလုပ်

ဟုမ္မလင်း ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ အခြေခံပညာကျောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့်လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲကို၊ ဟုမ္မလင်းမြို့နယ်၊ အ.လ.က-ခေါင်ခမ်း၊ ကျောင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.လ.က ခေါင်ခမ်း‌မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရိုစီမိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ ဟုမ္မလင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးထွန်းထွန်းနိုင်က၊ ရေကြီးရေလျှံဘေးအန္တရာယ်နှင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများအကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များအကြောင်း၊ သဘာဝဘေးအန္တရာယ်တို့၏ ဆောင်ရန်ရှောင်ရန်အချက်များနှင့် ကြိုတင်ပြင် ဆင်သိရှိလိုက်နာဆောင်ရွက်ရန် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လျှပ်စီးလက် မိုးကြိုးပစ်စဉ်၊ ကွင်းပြင်၌ ရှိနေပါက နေထိုင်ရမည့်ပုံစံကို လက်‌တွေ့သရုပ်ပြသခဲ့သည်။

ဆက်လက်၍ ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နန်းမဉ္ဇူအေးက စာပေသည် နိုင်ငံနှင့်လူမျိုးအတွက် အသက်ဖြစ်သဖြင့် လူငယ်များအနေဖြင့် စာအုပ်စာပေဖတ်ရှုကြရန် တိုက်တွန်းကြောင်း၊ ကျောင်းသားကျောင်းသူများ သုတ/ရသစာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ အတတ်ပညာများ တိုးပွားလာပြီး ဘဝအတွက် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ အတန်းပညာကို သင်ကြားနေမှုရရှိသကဲ့သို့ အသိပညာကို စာအုပ်စာပေများ ဖတ်မှတ်ခြင်းမှ ရရှိနိုင်ပြီး စာအုပ်စာပေသည် လူသားများအတွက် မိတ်ဆွေကောင်းဖြစ်၍ စာအုပ်စာပေဖွံ့ဖြိုးရေးနှင့် စာဖတ်သည့် အလေ့အကျင့်များ တိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကာ၊ ဟုမ္မလင်းမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ဦးရေ(၂၀၀)ကျော်တို့က၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမား ပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်‌ရှောက်ပေး၊ နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)