ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ကြံသီးနှံလျာထားဧကပြည့်မီအောင် စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ကြံသီးနှံစိုက်ပျိုးခြင်းကို လျာထားဧကပြည့်မီအောင် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပွင့်ဖြူမြို့နယ်တွင် ကြံ ၈ ဧက စိုက်ပျိုး စိုက်ပျိုးရန်လျာထားပြီး ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် သတ်မှတ်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ကြံ ၈ ဧက လျာထားစိုက်ပျိုးခဲ့ရာ လက်ရှိမှာ သတ်မှတ်စိုက်ဧကကို ပြည့်မီအောင်စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ကြံစိုက်ပျိုးရေးကိုတော့ တောင်သူတွေက မိုးရာသီမှာ နှစ်စဉ်စိုက်ပျိုးကြပါတယ်။ ကြံစိုက်ပျိုးတဲ့ တောင်သူတွေကိုလဲ အထွက်နှုန်းနဲ့ အရည်အသွေးကောင်းဖို့အတွက် စိုက်နည်းစနစ်နဲ့ သွင်းအားစုတွေ စနစ်တကျ သုံးစွဲနိုင်အောင်အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကြံစိုက်ပျိုးရာ၌ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ခြောက်သိန်းနှင့် ခုနှစ်သိန်းကြားကုန်ကျမှုရှိကြောင်း ကြံပေါ်ချိန်တွင် တစ်ဧကလျှင် တန်ချိန် ၃၀ ခန့် ထွက်ရှိကြောင်း သိရသည်။

ကြံကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေသည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ကြံကိုတိုးချဲ့စိုက်ပျိုးနိုင်အောင် ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)