ပွင့်ဖြူ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ၂၉၅၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံ ၅၉၁၄ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ်ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၂၉၅၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ်မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်အတွင်း ပဲစင်းငုံ ၅၉၁၄ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ ဒီနေ့ထိ ၂၉၅၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဆောင်ရွက်ပေးနေပါတယ်။ ပဲစင်းငုံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အထွက်နှုန်းနဲ့ အရည်အသွေးကောင်းမွန်အောင် လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်။ ပဲစင်းငုံကို သီးသန့်စိုက်ပျိုးကြသလို နှစ်သီးစားဝင်ငွေရအောင် မြေပဲ၊ နှမ်း စတဲ့ သီးနှံတွေနဲ့ သီးထပ်သီးညှပ်အနေနဲ့လဲ စိုက်ပျိုးတာတွေရှိပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ပဲစင်းငုံစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များမှန်ကန်ရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊ အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပဲစင်းငုံကို အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်း စားသုံးမှုဖူလုံစေရုံမျှမက ပိုလျှံမှုကို ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်မည်ဖြစ်သောကြောင့် ဝင်ငွေတိုးပွားစေမည်ဖြစ်၍ ပဲစင်းငုံကို ဒေသမရွေး ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန် ကြိုးပမ်းသင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)