ချောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Pfizer JN.1) ထိုးနှံပေး

ချောက် ဇွန် ၂၅

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မ‌ကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့်အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါခံစားနေရသည့် ပြည်သူများအား ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး (Pfizer JN.1) ထိုးနှံပေးခြင်းကို ဇွန်လ ၁၇ ရက်နေ့မှစတင်၍ ချောက်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ဌာနဆိုင်ရာရုံးတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ချောက်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါခံစားနေရသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer JN.1)ကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး‌ ဒေါက်တာမျိုးသက်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။ ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer JN.1)ကို ကျန်းမာရေးဝန်ထမ်း(၂၀၈)ဦး၊ နိုင်ငံဝန်ထမ်း (၁၁၇၂)ဦးနှင့် ပြည်သူများ(၅၄၀)ဦး၊ လူဦးရေစုစုပေါင်း (၁၉၂၀)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)