မအူပင် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာအုပ်စု၊ ရေလဲကလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းရှိ A-1 ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ ရေလဲကလေးအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းအေးမှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောသည်။ ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ ပြသထာသည့် နံရံစာစောင်များနှင့် စာအုပ်စာစောင် များအားစိတ်ပါဝင်စားစွာကြည့်ရှု့အားပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ရေလဲကလေးအခြေခံပညာ အထက်တန်းကျောင်း Grade 10 နှင့် 11 မှ ကျောင်းသား/ကျောင်းသူများ၊ ဆရာ၊ ဆရာမများ အင်အား (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)