ဆင်ပေါင်ဝဲမြို့နယ် တောင်သူများအား မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ဆင်ပေါင်ဝဲ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယမန်နေ့ မွှန်းလွဲ ၁ နာရီအချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးစန်းသော်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက် စပါး (၁)ဧက ငွေကျပ် တစ်သိန်းငါးသောင်းနှုန်း၊ နှမ်း(၁)ဧက ငွေကျပ်တစ်သိန်းနှုန်းတို့ကို အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးမှာဖြစ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ရှိသည့်တောင်သူများကိုသာ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသောကျေးရွာတောင်သူများကို သီးနှံအာမခံထားရှိရေး၊ စည်းရုံးရှင်းလင်းခြင်းနှင့် ကျေးရွာတောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြေကျေစွာပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး  လယ်ကျိုးကျေးရွာနှင့် ရွာပုလဲကျေးရွာတို့မှ တောင်သူ(၇၆)ဦး၏ အခြားသီးနှံဧက (၄၆၃)ဧက၊ စပါး (၅၉) ဧက အတွက်ချေးငွေကျပ်(၅၅၁၅၀၀၀၀)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)