မင်းဘူး ဇွန် ၂၅
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကထားစိုက်ပျိုးသော နိုင်ငံဖြစ်ပြီး၊ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကျော် လူဦးရေသည် တောင်သူလယ်သမားများ ဖြစ်ကြသည်။
ထိုတောင်သူဦးကြီးများသည် နိုင်ငံတော်အတွင်း စားနပ်ရိက္ခာဖူလုံစေရန် စိုက်ပျိုးရေးကို အဓိကထားပြီး ရွှံ့ဗွက်ထဲတွင် တစိုက်မတ်မတ်စိုက်ပျိုးလုပ်ကိုင်ရသောကြောင့် လယ်သမားတို့၏ ဘဝသည် ကြမ်းတမ်းသည်၊ ခက်ထန်သည်၊ နုံချာသည်၊ အနေစုတ်သည် မြို့နေလူတန်းစားတို့၏ နှိမ့်ချဆက်ဆံခြင်းကိုခံရသည်။ ရှေးအခါက တောရွာများသည် မြို့နှင့်အလှမ်းဝေးသည့်အပြင် လမ်းခရီးကလည်း ရွှံ့ဗွက်နှင့်မို့ သွားရေးလာရေးခက်ခဲသောကြောင့် မိဘများမှာ သားသမီးများ၏ ပညာရေးကို ဆုံးခန်းတိုင်အောင်မထားနိုင်ရှာပေ။
ထိုအချိန်အခါက တောရွာများတွင် စာသင်ကျောင်းများ ယခုကဲ့သို့ ကျောင်းသားဦးရေနှင့် လိုက်လျောညီထွေမှုရှိအောင် များများစားစားမရှိကြသေးဘဲ ကျေးရွာလေးရွာ၊ ငါးရွာလျှင် မူလတန်းအဆင့်စာသင်ကျောင်း တစ်ကျောင်းလောက်သာရှိပြီး အလယ်တန်းအဆင့်တက်သည့်အခါ မြို့ကျောင်းများသို့ ကျောင်းပြောင်းပြီးထားကြရသည်။
တချို့မိဘများမှာ ငွေရေးကြေးရေးမပြည့်စုံသည့်အပြင် လမ်းခရီးကလည်းဆိုး၊ ဝေးလည်းဝေးသောကြောင့် မူလတန်းအဆင့်ဖြင့်သာ ကျောင်းထုတ်ကာ မိမိတို့နှင့်အတူ လယ်တောယာတောထဲသို့ဆင်းစေပြီး မိရိုးဖလာရိုးရာ လုပ်ငန်းများဖြစ်သော ကောက်စိုက်၊ ပျိုးနုတ်အလုပ်များဖြင့်သာ ရွှံ့ဗွက်ထဲတွင် နပန်းလုံးနေကြလေတော့သည်။
ရိုးအေးသည့် မိသားစုများမှ ပေါက်ဖွားလာသူများဖြစ်သောကြောင့် ပညာမတတ်သည့်အခါ နုံအပြီး အတွေးအခေါ်များပါ ညံ့ဖျင်းသွားတော့သည်။ သို့သော် တောသူတောင်သားများ၏ စိတ်ဓာတ်မှာ ရိုင်းစိုင်း၊ ယုတ်ညံ့၊ ကောက်ကျစ်သူများမဟုတ်ကြပေ။
ရိုးသည်၊ အသည်၊ ဧည့်သည်များလာလျှင်လည်း ခင်မင်တတ်သည်။ ပျူငှာဖော်ရွေမှုရှိသည်။ ကျွေးချင်မွေးချင်စိတ်ရှိကြသည်။ ပြောစရာရှိလျှင်လည်း အရိုးခံသမားမို့ ပွင့်ပွင့်လင်းလင်းပင် ပြောတတ်ကြသည်။ မြို့သူမြို့သားများက အသိပညာအတတ်ပညာများ သာပေလိမ့်မည်။ စိတ်ထားကတော့ တောသူတောင်သားများကလည်းမညံ့ပေ။ ကောင်းပြီးရိုးသားဖြူစင်ကြသည်။ သို့သော် တောသူ တောင်သားများက ဟောဟောဒိုင်းဒိုင်းနှင့် ပွင့်ပွင့်လင်းလင်းသမားများ ဖြစ်ကြသည်။
တောရွာများတွင် ဆိုရိုးစကားတစ်ခုရှိသည်။ “သူ့အရပ်နှင့်သူ့ဇာတ်” ပင်ဖြစ်သည်။ သူတို့အရပ်ဒေသသို့သွားလျှင် သူတို့၏စိတ်နေသဘောထားများကို သိရှိရန်လိုအပ်ပေသည်။ သို့မှသာ ကိုယ်လုပ်ချင်သည့်အလုပ် ကိုယ်ဖြစ်ချင်သည့် အကြောင်းအရာများ ဖြစ်ပေလိမ့်မည်။ တောရွာသူ၊ တောရွာသားများသည် ဟန်ဆောင်မှုကင်းသော ရိုးရှင်းသော အဖြူထည်သက်သက်သမားများသာ ဖြစ်ကြသည်။ လူလိမ်၊ လူညာ၊ လိမ်လည်လှည့်ပတ်သူများမရှိပေ။ သို့သော်စုန်းပြူး တစ်ယောက် တလေတော့ရှိပေလိမ့်မည်။
တောင်သူဦးကြီးများသည် လယ်ထွန်၊ ကောက်စိုက်၊ ပျိုးနုတ်ကြရင်းဖြင့် တေးသီချင်းများသံစုံဟစ်ကာ စကြ၊ နောက်ကြ၊ အော်ကြ၊ ဟစ်ကြကာ လယ်ကွင်းထဲတွင် ပဲ့တင်သံများထပ်နေပြီး၊ တစ်နေကုန် အလုပ်များလုပ်ကြရသဖြင့် ပင်ပန်းနေကြသော်လည်း အော်ကာ၊ ဟစ်ကာ စကာနောက်ကာဖြင့် ရယ်စရာများပြော၍ လူပင်ပန်းမှုကို စိတ်အေးချမ်းမှုဖြင့် ဖြေဖျောက်နေကြသူများ ဖြစ်သည်။ မိုးဦးစသည်နှင့် လယ်/ယာများ ထွန်ယက်စိုက်ပျိုးပြီး လယ်ဧကများသူများမှာ နှစ်လခွဲလောက်ကြာအောင် စိုက်ပျိုးကြရသည်။ သို့သော် စိုက်ပျိုးရန်ရေနှင့် ပျိုးနုတ်သူကောက်စိုက်သမ အဆင်သင့်ရှိပါမှ အဆင်သင့်မရှိလျှင်သုံးလလောက်တော့ကြာအောင် စိုက်ပျိုးကြရသည်။ စိုက်ပျိုးပြီး၍ မနားရသေးချေ။
စိုက်ပျိုးပြီးစီးသည့် လယ်ကွင်းသို့ မကြာခဏသွားပြီး ပေါင်းမြက်နုတ်ခြင်း၊ လယ်ကတွတ်ပိတ်ခြင်း၊ မြေသြဇာကျွေးခြင်းများ ပြုလုပ်ရသေးသည်။ မိုးကုန်လို့ဆောင်းကူးရင်ဖြင့် စပါးပင်များရင့်မှည့်ကာ ရိတ်သိမ်းကြရပြီး ကောက်လှိုင်းများကို ကန်သင်းပေါ်တင်ကာ ထယ်များထိုး၊ ထွန်များမွှေကာ နှမ်း၊ မတ်ပဲ သို့မဟုတ် ကုလားပဲများပြန်၍ စိုက်ပျိုးကြသေးသည်။ ဤသို့ဖြင့် လယ်သမား၊ ယာသမားများ၏ ဘဝသည် လယ်ကွင်းထဲမှပြန်ရသည်မရှိဘဲ တစ်နှစ်ပတ်လုံး လုံးလည်ချာလည်လိုက်ကာ တစ်စိုက်မတ်မတ်ဖြင့်၊ သီးနှံများအထွက်တိုးပြီး နိုင်ငံတော်အတွင်း စားနပ်ရိက္ခာဖူလုံစေရန် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြသော ကျွန်တော်တို့၏ ကျေးဇူးရှင် တောင်သူဦးကြီးများပင် ဖြစ်ပါတော့သည်။
ဇေယျာနိုင်(ရွှေကန်မြေ)