ကြံခင်းမြို့နယ်ရုံး၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ကြံခင်း ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပခဲ့သည်။

ရှေးဦးစွာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲကျင်းပရခြင်းနှင့် အမှတ်ပေးစီးမျဉ်းများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ပြောကြားခဲ့ပြီးမူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထို့နောက် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ အဆိုပါ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲသို့ အခြေခံပညာမူလတန်းကျောင်း (မြို့မမြောက်)မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၈) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့်ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)