မကွေး ဇွန် ၂၅
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဆေးဘက်ဆိုင်ရာကျွမ်းကျင် (၄) (ဓာတ်ခွဲ) (၈)လသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဆေးတက္ကသိုလ်(မကွေး)နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ သင်ကြားရေးအဖွဲ့ဝင်များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်(၂)ရပ်ဖြစ်တဲ့ "လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနဲ့ လူတိုင်းရောဂါဘယကင်းရှင်းရေး"တို့ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့အတွက် "ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်းနဲ့ ရောဂါဖြစ်ပွားလျှင် ထိရောက်စွာကုသမှုပေးခြင်း"ဆိုတဲ့ နည်းနာ(၃)ရပ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရောဂါဖြစ်ပွားလာရင် ထိရောက်စွာကုသပေးနိုင်ဖို့ ပြည်သူ့ဆေးရုံတွေဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ပြီး ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲ၊ ဓာတ်မှန်၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အခြားအရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ နေရာတစ်ခုဖြစ်ဖို့လိုအပ်ပါကြောင်း၊ အလားတူ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေဆိုတာလည်း ပြည်သူများရဲ့ကျန်းမာရေးကို အသက်အပိုင်းအခြားအလိုက်၊ နေရာဒေသအလိုက် ကျန်းမာရေးဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းများပဲဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေအတွက်ဖြစ်စေ၊ ကုသရေးလုပ်ငန်းတွေအတွက်ဖြစ်စေ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ဓာတ်ခွဲဝန်ထမ်းတွေဆိုတာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတဲ့အတွက်ကြောင့် အရည်အချင်းပြည့်ဝတဲ့ ဓာတ်ခွဲဝန်ထမ်းတွေကို နိုင်ငံတော်မှ နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဓာတ်ခွဲပညာရပ်ဟာ လူနာတွေကို ရောဂါကုသမှု စတင်ဖို့အတွက် ရောဂါရှာဖွေပေးခြင်း၊ ကုသမှုပေးရာမှာ ရောဂါသက်သာ မှုရှိ/မရှိ စစ်ဆေးပေးနိုင်ခြင်း၊ ရောဂါပြင်းထန်မှုအခြေအနေကို ခန့်မှန်းပေးနိုင်ခြင်းနဲ့ ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ မကူးစက်တတ်သော ရောဂါတွေကို စောင့်ကြည့်စစ်ဆေးပေးနိုင်ခြင်းစတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံလိုဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဓာတ်ခွဲသင်တန်းတွေ ဖွင့်လှစ်ပေးခြင်းဟာ အလွန်အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ သင်တန်းကို မကွေးပြည်သူ့ဆေးရုံကြီးက ရောဂါဗေဒအထူးကုဆရာဝန်ကြီးနဲ့ အဏုဇီဝဗေဒ အထူးကုဆရာဝန်ကြီး ဦးဆောင်တဲ့ သင်ကြားရေးအဖွဲ့ဝင်တွေက စာတွေ့လက်တွေ့ စနစ်တကျ ပေါင်းစပ်သင်ကြားသွားမှာဖြစ်ပြီး၊ သင်တန်းသား/သင်တန်းသူများအနေနဲ့ သင်တန်းတက် နေစဉ် ကာလအတွင်း သင်တန်းကချမှတ်ထားတဲ့ စည်းကမ်းတွေကိုလိုက်နာပြီး ပို့ချချက်တွေကို ကြိုးစားသင်ယူကြဖို့ မှာကြားလိုကြောင်းနှင့် သင်တန်းသား/သင်တန်းသူများအနေနဲ့ သင်တန်းကာလအတွင်းမှာ မိမိရာထူးနဲ့လျော်ညီစွာ ပေးအပ်လာတဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရင်း ပြည်သူများအားကိုးရတဲ့ ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားကာ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၄) (ဓာတ်ခွဲ) (၈)လသင်တန်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ခရိုင်/ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများရှိ တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာန၊ ဒေသန္တရကျန်းမာရေးဌာနများတွင် တာဝန်ချထားသည့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်(၄) (ဓာတ်ခွဲ)သစ်လွင်များနှင့် တိုင်းဒေသကြီး ကုသရေးဦးစီးဌာနလက်အောက်ရှိ ဌာန/ ဆေးရုံများတွင် ခန့်ထားသော ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၄) (ဓာတ်ခွဲ)သစ်လွင် သင်တန်းသား/ သင်တန်းသူ(၇၇)ဦး တက်ရောက်ခဲ့ပြီး၊ (၂၄-၆-၂၀၂၅)ရက်နေမှ စတင်ကာ စာတွေ့(၂)လ၊ လက်တွေ့(၆)လ စုစုပေါင်း(၈)လကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ