လှိုင်းဘွဲ ဇွန် ၂၆
၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လူငယ်စကားဝိုင်းကျင်းပခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယမန်နေ့က ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပတ်ကျောကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာ လင်းသန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဌ ဦးဌေးဝင်းက မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ၊အရေးယူနိုင်သည့် ပြစ်မှု၊ပြစ်ဒဏ်များကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ဦးဆောင်၍ ပတ်ကျောကျေးရွာအခြေခံပညာအထက်တန်းကျောင်း (ခွဲ) မှ မောင်ငြိမ်းချမ်း၊ မောင်ဝဏ္ဏအောင်၊ စောကဲဒို့စေး၊ နန်းသန်းသန်းဌေးနှင့် နန်းခင်လင်းကြည်တို့က မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကို ပါဝင်ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းတွင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခြင်း၊ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)