ဆင်ပေါင်ဝဲ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးအောင်ကျော်မြင့်က မူးယစ်ဆေးဝါးပြဿနာများ၊ မူးယစ်ဆေးဝါးစတင် အသုံးစွဲသည့် အဓိကအကြောင်းအရင်း၊ အရွယ်အလိုက်တာဝန်ရှိမှု၊ တာဝန်သိမှု၊ မူးယစ်ဆေးသံသရာ၊ မူးယစ်ဆေးဝါးဆိုင်ရာဆောင်ပုဒ်များ စသည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရှင်းလင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းက စာဖတ်ခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း၊ လူမှုရေးဆိုင်ရာဆိုးကျိုး အန္တရာယ်များ အကြောင်းအားလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းမြင့်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များအား ပြသပေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)