မအူပင်မြို့နယ် ရေလဲကလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

မအူပင် ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရေလဲကလေး ကျေးရွာအုပ်စု၊ ရေလဲကလေးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲအား ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းရှိ A-1ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရေလဲကလေးအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းအေးမှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက မူးယစ်ဆေးဝါး၏ဆိုးကျိုးများအကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောသည်။ ၄င်းနောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှပြသထာသည့် နံရံစာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ရေလဲကလေးအခြေခံပညာအထက်တန်းကျောင်း Grade-10 နှင့် Grade-11 မှ ကျောင်းသား/ကျောင်းသူများ၊ ဆရာ၊ ဆရာမများ အင်အား (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်