ဖျာပုံ ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်နွယ်လတ်နှင့်ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိအခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်းကို သိခြင်းအားဖြင့် ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဖျာပုံမြို့ အ.ထ.က (၃) ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောရာတွင် မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းမှရရှိလာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေလေ့လာဖတ်ရှုကြရန်နှင့် စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသော ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု
တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်း စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေကြသည်။
ထို့နောက် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသကြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်