ဟင်္သာတ ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဥာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့မနက်ပိုင်းကကျင်းပခဲ့သည်။ ရှေးဦးစွာ ခရိုင်ပြန်ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများ၊ အမှတ်ပေးစည်းမျဥ်းများကို ရှင်းပြပါသည်။ ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား အုပ်စုအလိုက်ဖွဲ့စည်းစေပြီး ဂိမ်းကစားနည်းပုံစံဖြင့် တစ်ဦးချင်းမေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်း၊ အုပ်စုလိုက်ခေါင်းစဥ်ပါ အကြောင်းအရာများဖြင့် အဖွဲ့လိုက် ပါဝင်ဆွေးနွေးစေခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါသည်။
အဆိုပါ ပဟေဠိပြိုင်ပွဲကို လူငယ်များအချင်းချင်းကြား ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ စည်းလုံးညီညွတ်မှုရှိစေရန်၊ အချင်းချင်းဆွေးနွေးတိုင်ပင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်ကောင်းများရရှိစေရန်၊ လူအများကြားတွင် သွက်လက်ထက်မြက်စွာဖြင့် ပြောတတ်ဆိုတတ်စေရန်ရယ်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဟင်္သာတမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး အကဲဖြတ် ဒိုင်များအဖြစ် ခရိုင်ပညာရေးမှူးရုံးမှ ဆရာမကြီး ဒေါ်ကြည်ကြည်စိန်၊ Book Club အဖွဲ့မှ ကျောင်းပြင်ပ ပညာရေးဆရာမ ဒေါ်သန်းသန်းဆွေ၊ ခရိုင်ပြန်ဆက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာ၊ ဦးစီးအရာရှိ ဒေါ်အေးအေးမာနှင့် အကြီးတန်းစာရေး ဒေါ်သင်းသင်းလှိုင်တို့က စနစ်တကျ အကဲဖြတ်အမှတ်ပေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)