အင်္ဂပူ ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနရုံးတွင် ယမန်နေ့နံနက်ပိုင်းက အခွန်ဆိုင်ရာကိစ္စရပ်များအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ဦးစွာအင်္ဂပူမြို့နယ် အခွန်ဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးတင်မိုးလွင်က အခွန်ဆိုင်ရာတည်ဆဲဥပဒေများ၊ အခွန်အမျိုးအစားနှင့် ပြေစာများအပေါ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာများ၊ တာဝန်ယူကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ လိုက်နာဆောင်ရွက်ရန်အချက်များ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြေစာအပေါ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့် တည်ဆဲအခွန်များ ဥပဒေအရလိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကိုရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် အခွန်ထမ်းပြည်သူများနှင့် လုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာမှ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးတင်မိုးလွင်က ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့မြို့နယ် အခွန်ဦးစီးဌာနမှူး ဦးတင်မိုးလွင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခွန်ထမ်းပြည်သူများနှင့် မြို့ပေါ်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော် (ပြန်/ဆက်)