ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်မှုဖြင့် ပြည်မြို့ (ရွှေတံခါး) အ.ထ.က၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်

ပြည် ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာ‌ရေးဌာနနှင့် အခြေခံပညာဦးစီးဌာန ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ (ရွှေတံခါး) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ကြသည်။

ယင်းဆောင်ရွက်မှုကို ပြည်ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှု‌ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု‌ကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြပြီး ရှေးဦးစွာ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများနှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတို့က သဘာဝဘေးရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုဆိုင်ရာ သိမှတ်ဖွယ်အကြောင်းများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဆွေးနွေးဟောပြောကြသည်။

ထို့နောက် ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်ရာတွင် "ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်းများအတွင်းနှင့် ဝရံတာ၊ ကျောင်းလမ်းမတို့၌ ပုံမှန်သွားလာလှုပ်ရှားနေစဥ်အချိန်တွင် ငလျင်ကြီးတစ်ခုလှုပ်ရှားကြောင်း ခရာရှည်တစ်ကြိမ်မှုတ်၍ အချက်ပြခြင်း၊ စာသင်ခန်းပြင်ပမှ ကျောင်းသား၊ ကျောင်းသူများ ကွင်းပြင်သို့ပြေး၍ ဝပ်/ကာ/ငြိမ် အနေအထားဖြင့် နေထိုင်ခြင်း၊ စာသင်ခန်းအတွင်းမှ ကျောင်းသား၊ ကျောင်းသူများ စာသင်ခုံအောက်တွင် ဝပ်/ကာ/ငြိမ် အနေအထားဖြင့်နေထိုင်ခြင်းနှင့် ဝရံတာရှိ ကျောင်းသားများ စာသင်ခန်းနံရံကိုကပ်၍ ဝပ်/ကာ/ကိုင်အနေအထားဖြင့် နေထိုင်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ကြသည်။

ဆက်လက်၍ ကျောင်းသားတစ်ဦးဝရံတာမှ ခုန်ချမည့် ဟန်ပြုခြင်းနှင့် ယင်း‌ကျောင်းသားကို ကျန်နှစ်ဦးမှဆွဲခေါ်၍ နံရံ၌ကပ်ပြီးဝပ်ခြင်း၊ ပြေးလွှားရင်း ကျောင်းသား/သူအချို့ ထိခိုက်ဟန်ပြုခြင်း၊ ငလျင်ကြီးလှုပ်ရှားမှုပြီးစီးကြောင်း ခရာတို ၂ ကြိမ်မှုတ်၍ အသိပေးကာ ကျောင်းသား/သူများအားလုံး လွယ်အိတ်များ၊ စာအုပ်များဖြင့် ခေါင်းကိုကာ၍ ဆရာ၏ ဦးဆောင်မှုဖြင့် ကွင်းပြင်သို့ပြေးထွက်ခြင်း၊ ဆရာနှင့် အတန်းခေါင်းဆောင်က ဦးဆောင်၍ ကျောင်းသားဦးရေစစ်ဆေးပြီး ကျောင်းအုပ်ကြီးထံသတင်းပို့ခြင်း၊ ကျောင်းအုပ်ကြီးက မီးသတ်ဌာနသို့ ဖုန်းဖြင့် အကူအညီတောင်းခံခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ‌ ရောက်ရှိလာကာ ထိခိုက်သူများအား ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကြက်ခြေနီတပ်ဖွဲ့က ထိခိုက်သူများကို ရှေးဦးပြုစုရေးလုပ်ငန်းများ ဆောင်ရွက်ပြီး လူနာတင်ကားဖြင့် ယာယီဆေးပေးခန်းနှင့် ဆေးရုံသို့ပို့‌ဆောင်ခြင်း အစရှိသည့် ငလျင်ဘေးဖြစ်ပေါ်မှုအပေါ် တုံ့ပြန်ဆောင်ရွက်နည်းအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)