တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်စေရေးအသိပညာပေး  သရုပ်ပြပွဲ အခမ်းအနားတက်ရောက်

ထားဝယ်        ဇွန်  ၂၄

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်စေရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အရည်အသွေးကောင်းမွန်သည့် လူ့အသုံးအဆောင်ပစ္စည်းများ၊ ဇိမ်ခံပစ္စည်းများ၊ ဆေးဝါးများ တီထွင် ဖန်တီးထုတ်လုပ်လာမှုကြောင့် လူသားများ၏ လူနေမှုဘဝအဆင့်အတန်းသည် တစ်နေ့ထက်တစ်နေ့ သိသာစွာ တိုးတက်လာသကဲ့သို့ တစ်ဖက်တွင်လည်း လုပ်ငန်းဆောင်ရွက်မှုများကြောင့် သဘာဝ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုနှင့် ညစ်ညမ်းမှုပြဿနာများသည် ၁၉၅၀ ပြည့်လွန်နှစ်ကစ၍  နိုင်ငံအဆင့်၊ ဒေသအဆင့်မှ ကမ္ဘာလုံးဆိုင်ရာပြဿနာအဖြစ် တဖြည်းဖြည်းကြီးမားကျယ်ပြန့်လာကြောင်း၊ လူသားများ လုပ်ဆောင်မှုကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးသကဲ့သို့ ရာသီဥတုများဖောက်ပြန် ပြောင်းလဲ နေကြောင်း ရာသီဥတုဖောက်ပြန်မှုအကျိုးဆက်များဖြစ်သည့် အပူချိန်လွန်ကဲခြင်း၊ ရေကောင်းရေသန့် ရှားပါးခြင်း၊ မိုးရွာသွန်းမှုလွန်ကဲခြင်း၊ ရေကြီးရေလျှံမှုဖြစ်ခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ကပ်ရောဂါစသည့် ပျက်စီးဆုံးရှုံးမှုများ နှစ်စဉ် နှင့်အမျှ ကြုံတွေ့နေရကြောင်း၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့်ညစ်ညမ်းမှုပြဿနာများကို ဖြေရှင်းနိုင်ရန်၊ လျော့နည်းသက်သာစေရန် နည်းလမ်း ရှာဖွေဆောင်ရွက်ရာတွင် အားလုံးတွင် တာဝန်ရှိကြောင်း၊ ပတ်ဝန်းကျင်မပျက်စီးအောင်၊ ပျက်စီးနေသည် များကို ယခုထက်ပို မပျက်စီးအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အကောင်းဆုံးနည်းလမ်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရန် ဖြစ်ကြောင်း၊ နောင်တစ်ခေတ်၏ ခေါင်းဆောင်များဖြစ်သော ကျောင်းသား လူငယ်များအနေဖြင့် ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရန်အတွက် လေထု၊ ရေထု၊ မြေထု ညမ်ညမ်းစေသည့်လုပ်ဆောင်ချက်များကို ရှောင်ကြဉ်ခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်း၊ 3R စနစ်အသုံးပြုခြင်း၊ သစ်ပင်စိုက်သည့်အခါတွင် စိုက်ရုံတင်မဟုတ်ဘဲ ရှင်အောင်စိုက်ပြီး ကြီးအောင် ပြုစုပျိုးထောင်ခြင်း၊ အလင်းရောင်ရရန်ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များကို အသုံးပြုခြင်း၊ စွန့်ပစ်အမှိုက် များကို မီးရှို့ခြင်းမှရှောင်ကြဉ်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ချက် များကို မိမိကိုယ်တိုင်က အစပြု၍ မိမိပတ်ဝန်းကျင်ရှိ လူသားအားလုံး လိုက်ပါဆောင်ရွက်နိုင်ရန်   စည်းရုံးဆောင်ရွက်ပေးစေလိုကြောင်း၊ ပညာရေးဝန်ထမ်းများ၊ ဆရာ/မများနှင့်ကျောင်းသားမိဘများက ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများအား စွန့်ပစ်ပစ္စည်းများ၊ အမှိုက်များကို လိုအပ်သလို စီမံခွဲခြား စွန့်ပစ်ရန်နှင့် အသိပညာပေးရန်လိုအပ်ကြောင်း၊ အမှိုက်များနှင့်ပတ်သက်၍ တနင်္သာရီ တိုင်းဒေသကြီးအနေဖြင့် သန့်ရှင်းသောမြို့ဆုကို ရရှိထားကြောင်း၊ အမှိုက်များကို သိမ်းဆည်းသည့် နေရာတွင် တစ်ဦးတစ်ယောက်ချင်းမဟုတ်ဘဲ အစုအဖွဲ့လိုက်ဖြင့် ခွဲခြားစုထားသော အမှိုက်များအား စနစ် တကျဖြင့် စွန့်ပစ်ပေးရန် လိုအပ်ပြီး သက်မဲ့ပစ္စည်းများကို စွန့်ပစ်သည့်နေရာများတွင်လည်း သတ်မှတ် ထားသောနေရာများ၌ သေချာစွာစွန့်ပစ်ရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်မင်းအုန်းက အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အမှိုက်ခွဲခြား စွန့်ပစ်စေရေးအကြောင်း အသိ ပညာပေးဆွေးနွေးပြောကြားသည်။

ဆက်လက်၍ကျောင်းသား/ကျောင်းသူများက အမှိုက်များကို ဘေးအန္တရာယ်ရှိသောအမှိုက်၊ အမှိုက်ခြောက်၊ အမှိုက်စို၊  ပလတ်စတစ် အမှိုက်ဟူ၍ ခွဲခြားပြီး သရုပ်ပြသစွန့်ပစ်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ က ကြည့်ရှုအား ပေးကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)