ဇလွန် ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီတွင် အ.ထ.က(၂) မြို့မကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥပဒေရုံး၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အ.ထ.က(၂)မြို့မကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးချိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များအားရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးသုံးစွဲသူဘဝမရောက်ရှိရန်မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် မိတ်ဖွဲ့ခြင်းမပြုလုပ်ရန်၊ မည်သည့်မူးယစ်ဆေးဝါးများကိုမှ စမ်းသပ်သုံးစွဲခြင်း မပြုလုပ်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ မူးယစ်ဆေးဝါးသုံးစွဲမိပါက ဖြစ်တတ်သောရောဂါလက္ခဏာများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများစသည့် အကြောင်းအရာ များကို အသီးသီးအသိပညာပေး ဟောပြော၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့်ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြများကိုပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ဝေယံ