ခန္တီး ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူကုန်ကူးမှုနှင့်ပတ်သက်၍ သိရှိထားသင့်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ခန္တီး)၊ ကျောင်းခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဉာဏ်မြင့်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဇော်နိုင်ဦးက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍လည်းကောင်း မြို့နယ်ဥပဒေအရာရှိ ဦးစိုင်းအာကာငြိမ်းချမ်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီးကျောင်းအုပ်ဆရာကြီး ဦးမြင့်သူက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ခန္တီး)မှ ဝန်ထမ်းများ၊ ကျောင်းသား/သူ များ စုစုပေါင်း (၁၅၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကမ်းကီး